ဆီးသွားနည်းလာတာ ရောဂါလက္ခဏာလား
ဆီးသွားနည်းတာက ဆီးတွေကို စွန့်ထုတ်ဖို့ လုပ်ဆောင်ပေးတဲ့ ကျောက်ကပ်က ဆီးတွေကို ထုတ်လိုက်ပေမယ့် ဆီးစွန့်ပြွန်မှာ ပိတ်ဆို့မှု ဖြစ်နေတဲ့ ဆီးစွန့်ထုတ်ဖို့ အခက်အခဲ ဖြစ်ပြီး ဆီးသွားနည်းတာမျိုး ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ ဆီးသွားနည်းတာက နေ့စဉ် နေထိုင်မှု ပုံစံကြောင့် ဖြစ်နိုင်သလို တစ်ခါတလေမှာ ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို အခြေအနေတွေက ဆီးသွားနည်းတာကို ဖြစ်စေနိုင်လဲဆိုတာကို ဗဟုသုတ အနေနဲ့ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဆီးသွားနည်းတာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုဆိုပေမယ့် ဆီးသွားနည်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပါတယ်။ ဆီးသွားနည်းတာက အမြဲတမ်းတော့ အန္တရာယ်ရှိနေတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဆီးသွားနည်းတာက တစ်ခါတလေမှာ ယာယီပြဿနာ ဖြစ်ပြီး တစ်ခါတလေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီအချက်တွေကြောင့် ဆီးသွားနည်းနိုင်ပါတယ်
ကိုယ်တွင်း ရေဓာတ် ခမ်းခြောက်တာ - ဒါက ဆီးသွားနည်းရခြင်းရဲ့ အဖြစ် အများဆုံးနဲ့ ယာယီအားဖြင့် ဖြစ်တတ်တဲ့ အခြေအနေ တစ်ခုပါ။ ရာသီဥတု အခြေအနေကြောင့် ရေသောက်နည်းပြီး ဆီးသွားနည်းတာမျိုး ဖြစ်နိုင်သလို အန်တာ ဝမ်းသွားတာတွေကြောင့်လည်း ကိုယ်တွင်းရေဓာတ် ဆုံးရှုံးပြီး ဆီးသွားနည်းတာမျိုး ဖြစ်နိုင်ပါတယ်။
ပိုးဝင် ကူးစက်တာ - ဆီးလမ်းကြောင်း ပိုးဝင်တာလိုမျိုး ပိုးဝင်ကူးစက်တာတွေကလည်း ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပြီး ဆီးသွားနည်းတာမျိုး ဖြစ်စေနိုင်ပါတယ်။
အကျိတ် - ဆီးလမ်းကြောင်း အတွက်းအင်္ဂါ တစ်ခုခုမှာ အကျိတ်တွေဖြစ်တာ ထိခိုက်မိတာတွေကလည်း ဆီးသွားနည်းတာကို ဖြစ်စေပြီး ဒီအခြေအနေမှာ သေချာလေး ကုသဖို့ လိုပါမယ်။
ပိတ်ဆို့တာ - ဆီးလမ်းကြောင်းမှာ တစ်ခုခု ပိတ်ဆို့တာကလည်း ဆီးသွားရ ခက်စေတာ၊ ဆီးသွားနည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ဗိုက်အောက်ဖက်နားက နာကျင်တာကို ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ကျောက်တည်တာ်၊ ဆီးလမ်းကြောင်း ခွဲစိတ်မှု ခံယူထားတာ၊ ဆီးကျိတ်ကြီးတာ၊ ဆီးလမ်းကြောင်းမှာ သွေးခဲတာ၊ ဆီးအိမ်ကို ထိန်းထားတဲ့ အာရုံကြောတွေ ပျက်စီးတာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာ၊ ဆီးအိမ်ကင်ဆာတွေ ခံစားနေရတာကလည်း ဆီးသွားနည်းတာကို ဖြစ်စေနိုင်ပါတယ်။
ဆေးဝါးတွေ - ဆီးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ သွေးကျဆေးတွေလိုမျိုး ဆေးဝါးတွေက ဆီးသွားနည်းတာကို ဖြစ်စေနိုင်ပါတယ်။
ကျောက်ကပ် ပျက်စီးတာ - ကျောက်ကပ် ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားနေရချိန်မှာလည်း ဆီးသွားနည်းတာကို ခံစားရနိုင်ပါတယ်။
အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးသွားနည်းတာက နေထိုင်မှုပုံစံကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတချိူ့ရဲ့ အစပျိုး လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ ဆီးသွားနည်းတာက အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းပါရစေ။
မွန်မွန်